အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ပြည်သူတွေ ပြေးလွှားနေရပြီး သံဃာတွေက စပါးရိတ်သိမ်းနေရတယ်လို့ ၂၀၁၉ ခုနှစ်တွင်းက ထိုင်းနိုင်င်ငံမှာဖြစ်ခဲ့တဲ့ ဓါတ်ပုံတွေကို ပြန်လည် အသုံးပြုထားတဲ့ အကြောင်းအရာလွဲနဲ့ သတင်းဓါတ်ပုံတွေဟာ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ ဖေ့ဘွတ်ခ်မှာ ပြန့်နှံ့နေပါတယ်။
ယနေ့ (နိုဝင်ဘာလ ၂၉ ရက်)နေ့ ရက်စွဲနဲ့ သံဃာတော်အချို့ စပါးရိတ်သိမ်းနေတဲ့ ပုံတွေကို အသုံးပြုပြီး –
“ဒကာ ဒကာမများက စစ်ဘေးရှောင်နေကြတယ်… စပါးများက တခင်းလုံး မှည့်လို့ ဝါထိန်နေကြတယ်… ရဟန်း သံဃာများက ကူရိတ်သိမ်းပေးနေကြတယ်… ” တရားလည်း ဖက်တယ် စပါးလည်း ထွက်တယ် ” ကြည်ညိုစရာ ကောင်းလိုက်တာ… အရှင်ဘုရားတို့အား ရိုသေစွာ ရှေ့ခိုးကန်တော့လိုက်ပါတယ် ဘုရား။ Photo crd.” လို့ရေးသားထားတဲ့ သတင်းတုတစ်ခု ပြန့်နှံ့နေခဲ့ပါတယ်။
ဒီပြန့်နှံ့နေတဲ့ သတင်းမှာဆိုရင် နေရာနဲ့ အချိန်တွေကို ဖော်ပြထားခြင်းမျိုး မရှိပါဘဲ “ပီယ ပီယ” ဆိုတဲ့ ဖေ့ဘုတ်အကောင့်က ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ (၃း၄၁) နာရီမှာ တင်ထားတာကို အစောဆုံးတွေ့ရပါတယ်။
ဒါ့အပြင် ပြန်လည်ကူးယူဖော်ပြသူ အများအပြားကိုလည်းတွေ့ရှိရပြီး စုစုပေါင်းမျှဝေသူ ထောင်နဲ့ချီပြီး ရှိနေပြီပဲ ဖြစ်ပါတယ်။
ဒီသတင်းဓါတ်ပုံတွေနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ ဓါတ်ပုံတွေအသုံးပြု စစ်ဆေးတဲ့ Reverse Image Search ကိုအသုံးပြုပြီး ရှာဖွေခဲ့ပါတယ်။ စစ်ဆေးမှုရလာဒ်တွေအရ သတင်းပါဓါတ်ပုံတွေဟာ ၂၀၂၁ အာဏာသိမ်း ပြီးနောက် ဖြစ်စဥ်တွေ၊ ပုံတွေမဟုတ်ပဲ ၂၀၁၉ ခုနှစ်တွင်း၊ ထိုင်းနိုင်ငံက သတင်းဓါတ်ပုံတွေသာ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
ရှာဖွေတွေ့ရှိချက်များအရ သတင်းတုမှာ အသုံးပြုထားတဲ့ ပုံတွေဟာ “ข้าวนึ่งอบไอน้ำ หน้าวัดมหาธาตุฯ เพชรบุรี” ဆိုတဲ့ ထိုင်းနံမည်နဲ့ ဖေ့ဘွတ်ခ်တ် စာမျက်နှာတစ်ခုကနေ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၁ က အစောဆုံးတင်ထားတာကို ယခုလို တွေ့ရှိရပါတယ်။
အလားတူ ပုံတွေကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၂ရက်နေ့ မှာပဲ “Laos 360 ອົງສາ'” ဆိုတဲ့ လာအို နံမည်နဲ့ ဖေ့ဘုတ်စာမျက်နှာတွေမှာပါ ယခုလို တွေ့ရှိရပါတယ်။
အဆိုပါ သတင်းဓါတ်ပုံတွေမှာလည်း အချိန်နဲ့ နေရာ အတိအကျ ဖော်ပြထားခြင်း မရှိပါဘူး။ သို့သော်လည်း ဒီ ရှာဖွေတွေ့ရှိထားမှု ရလာဒ်တွေအရ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ ဓါတ်ပုံတွေမဟုတ်ဘူးဆိုတာ တွေ့ရှိခဲ့ရပါတယ်။
ဒါအပြင် တခြားလွတ်လပ်တဲ့ တရားဝင်မီဒီယာတွေကနေလည်း ဒီသတင်းဓါတ်ပုံတွေနဲ့ ပတ်သက်လို့ ဖော်ပြခဲ့တာမျိုး မတွေ့ခဲ့ရပါဘူး။ သတင်းဓါတ်ပုံပါ သင်္ကန်းအရောင်တွေ ဟာလည်း မြန်မာနိုင်ငံတွင်းက ရဟန်း၊ သံဃာတွေ ဆင်မြန်းလေ့ရှိတဲ့ နီညိုရောင်မဟုတ်တာကို သတိပြုဖွယ်တွေ့မြင်နိုင်ပါတယ်။
ယခုပြန့်နှံ့နေတဲ့ သတင်းတုဟာဆိုရင် ယခင်က ဓါတ်ပုံအဟောင်းတွေကို အသုံးပြုပြီး အချက်အလက် တိတိကျကျ မချပြထားပဲ ယခုပဲ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေသယောင် အသွင်ဆောင်ပြီး ရေးသားဖြန့်ဝေနေကြတဲ့ သတင်းတု တစ်ခုပဲ ဖြစ်ပါတယ်။
သတင်းတွေကို ဖတ်ရှုတဲ့နေရာမှာ ပုံတွေပါတာနဲ့ ယုံယုံကြည်ကြည် ပြန်လည်မျှဝေလိုက်တာ၊ ကူးယူဖော်ပြလိုက်တာမျိုးမလုပ်ကြပဲ သတင်းထဲမှာ အချက်အလက်တွေ အတိအကျ ပါဝင်နေရဲ့လား ယုံကြည်ရရဲ့လားဆိုတာကို သတိပြုပြီး ဖတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ သတင်းတုလို့ သံသယရှိရင်လည်း တွေးပြီးမှယုံ ရဲ့ ချက်ဘောက် Chat Box မှတဆင့် ဆက်သွယ်မေးမြန်းလို့ရပါတယ်။