ဒီဇင်ဘာ၊ ၁၀ ရက်နေ့မှာ ပြုလုပ်ဖို့ လှုံ့ဆော်နေကြတဲ့ အသံတိတ်သပိတ်၊(silent strike) ကို ရက်ရွှေ့ဆိုင်းဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ကနေ ထုတ်ပြန်တယ်ဆိုတဲ့ ကြေငြာချက်တခုဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပြန့်နှံ့နေပါတယ်။
ကြေငြာချက်မှာဆိုရင် “ဒီဇင်ဘာ၊ ၁၀ ဟာ သောကြာနေ့ဖြစ်တာကြောင့် မွတ်ဆလင်များ ဘုရားဝတ်ပြုရန် ကိစ္စရပ်များရှိသဖြင့် ရက်ရွှေ့ပြောင်းရန်” လို့ ဖော်ပြထားပါတယ်။ ဒီကြေငြာချက်အတုကို တပ်ကြပ်ကြီးဖိုးစီ၊ Kyaw Swar စတဲ့ အာဏာသိမ်းစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေ စတင်ဖြန့်ဝေလာပါတယ်။ ဒီကနေမှတဆင့် ဖေ့ဘွတ်ခ်မှာလည်း ထပ်ဆင့်ဖြန့်ဝေမှုတွေ ရှိနေပါတယ်။
အဆိုပါထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တွေးပြီးမှယုံအနေနဲ့ NLD ပါတီရဲ့ တရားဝင် ဖေ့ဘွတ်ခ် မှာ တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာတော့ ဒီကြေငြာချက်နဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတာမျိုး လုံးဝမတွေ့ခဲ့ရပါ။ဒါအပြင် NLD ပါတီ၊ ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ သက်ဆိုင်ရာ ဖေ့ဘွတ်ခ် ပေ့ချ်နဲ့ အကောင့်တွေမှာ လည်း ထုတ်ပြန်ထားတာမျိုး မတွေ့ခဲ့ရပါ။
ဒီလို ကြေငြာချက်အတုဟာ ဒီဇင်ဘာ၊ ၁၀ ရက်နေ့မှ ပြုလုပ်မဲ့ အသံတိတ်သပိတ်ကို အားလျော့စေရန်နဲ့ လူအများစိတ် ဝေဝါးစေရန် ဖြန့်ဝေထားတာသာဖြစ်ပါတယ်။
ဒါကြောင့် ဒီလိုကြေငြာချက်တွေနဲ့ ပတ်သက်ရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ တရားဝင် ဖေ့ဘွတ်ခ်ပေ့ချ်တွေ၊ အကောင့်တွေနဲ့ တရားဝင်လွတ်လပ်တဲ့မီဒီယာတွေရဲ့ ဖော်ပြချက်တွေကိုသာ ယုံကြည်မျှဝေကြဖို့ တိုက်တွန်းပါတယ်။ သတင်းတွေဖတ်ရှု့ရင်း အခက်အခဲရှိခဲ့ရင်လည်း တွေးပြီးမှယုံရဲ့ chat box မှာ လာရောက်စစ်ဆေးမေးမြန်းနိုင်ပါတယ်။