ကရင်နီပြည်(ကယားပြည်နယ်) မှ စစ်ဘေးရှောင်တွေကို အာဏာသိမ်းစစ်တပ် မှ သတ်ဖြတ်ခဲ့တာကြောင့် အမျိုးသမီးတွေနဲ့ ကလေး၊ သူငယ်တွေအပါအဝင် လူ (၃၈) ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ ဒါနဲ့ မရှေးမနှောင်းမှာပဲ ကားတစီးပေါ်မှာ ကလေးငယ်တွေ အပါအဝင် တင်ဆောင်ထားတဲ့ ပုံတပုံနဲ့ ကယားပြည်နယ်က ဖြစ်စဥ်က ပုံတွေကို တွဲလျက်ဖော်ပြလာကြပြီး သတ်ဖြတ်ခံရသူတွေပါလို့ ဖြန့်ဝေလာကြပါတယ်။ ဖြန့်ဝေမှုတွေထဲမှာ သတင်းမီဒီယာတချို့လည်း ပါဝင်ခဲ့ပါတယ်။
တွေးပြီးမှယုံကနေ ဒီသတင်းဓါတ်ပုံတွေနဲ့ စပ်ဆက်လို့ စစ်ဆေးကြည့်တဲ့အခါမှာတော့ ဖြစ်စဥ်အမှန်ကို ပုံတလွဲတွေနဲ့ဖြန့်ဝေနေတာကို တွေ့ခဲ့ရပါတယ်။
တကယ်တော့ စစ်ဘေးရှောင်တွေကို တင်ထားတဲ့ ပုံတွေဟာ ကယားပြည်နယ်က စစ်ဘေးရှောင်တွေရဲ့ ဓါတ်ပုံတွေမဟုတ်ပဲ လေးကေ့ကော်တိုက်ပွဲအတွင်းက ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်တွေရဲ့ ပုံသာဖြစ်နေပါတယ်။ အာဏာသိမ်းစစ်တပ်က တိုက်လေယာဥ်တွေနဲ့ လက်နက်ကြီးတွေသုံးပြီး အဆင်ခြင်မဲ့တိုက်ခိုက်မှုတွေကြောင့် လေးကေ့ကော် ကနေ စွန့်ခွာထွက်ပြေးလာပြီး မဲ့ဆောက်မြို့၊ မဲ့သောင်ကန်ရပ်ကွက်၊ စာသင်ကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ဒီဇင်ဘာ၊ ၂၅ ရက်နေ့က၊ ဖုတ်ဖရမြို့နယ်၊ မဟာဝမ်းတိုက်နယ်၊ မဲ့ကတင်းကျေးရွာအနီးက စစဘေးရှောင်စခန်းကို ပြောင်းရွှေ့နေတဲ့ ပုံတွေသာဖြစ်ပါတယ်။ ဒီသတင်းကို ဒီဇင်ဘာ၊ ၂၅ ရက်နေ့က DVB က ထုတ်လွှင့်ထားတဲ့ သတင်း မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
ဒါအပြင် မီးရှို့ဖျက်ဆီးခံထားရတဲ့ ကားမှာပါတဲ့ ဘေးကိုင်းတွေနဲ့ စစ်ဘေးရှောင်တွေ တင်ထားတဲ့ ကားပုံစံမှာလည်း မတူညီတာကို တွေ့နိုင်ပါတယ်။
ကယားပြည်နယ်က ဖြစ်စဥ်ထဲမှာ INGO တခုဖြစ်တဲ့ Save the Children က ကားတစီးနဲ့အတူ ဝန်ထမ်းနှစ်ဦးလည်း အဆက်အသွယ်ပျက်တောက်နေတယ်လို့ အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဥ်လိုမျိုး ဖြစ်လာတဲ့အခါတိုင်းမှာ ခုလို ရောထွေး သတင်းတွေဟာ မကြာခဏဆိုသလို ထွက်ပေါ်လာပါတယ်။ သတိထားမိမယ်ဆိုရင် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာ ဆန္ဒပြပြည်သူတွေကို စကစအဖွဲ့ဝင်တွေက ကားနဲ့ တိုက်သတ်ခဲ့တဲ့ ဖြစ်စဥ်နောက်ပိုင်းမှာလည်း အခုလိုမျိုး ပုံအဟောင်းတွေသုံးပြီး ဖြန့်ဝေတာတွေ ရှိခဲ့ပါသေးတယ်။ဒါကြောင့် သတင်းတွေ ဖတ်မယ်ဆိုရင်၊ ဖြန့်ဝေမယ်ဆိုရင် သတင်းဌာန တခုတည်းနဲ့ မယုံကြည်ရရင် တခြား သတင်းဌာနတွေကို စောင့်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ အခုလိုမျိုး ပဋိပက္ခဖြစ်စဥ်တွေ ထူပေါနေတဲ့ အချိန်အခါမှာ သတင်းတွေဟာ စစ်ဆေးအတည်ပြုဖို့လည်း လိုအပ်ချက်တွေ ရှိလာနေပါတယ်။ သတင်းတွေဖတ်ရင်း တစုံတရာခက်ခဲခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့ chat box မှာ လာရောက် စစ်ဆေးမေးမြန်းနိုင်ပါတယ်။