ဖေဖော်ဝါရီ၊ ၁ မှာ ပြုလုပ်မဲ့ အသံတိတ်သပိတ်(Silent Strike) ကို ရက်ရွှေ့လိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နဲ့ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ကနေ စာထုတ်ပြန်တယ်ဆိုတဲ့ ကြေငြာချက်အတု ၂ စောင် ပြန့်နှံ့နေပါတယ်။ ဒီကြေငြာချက်ကို စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ Kyaw Swar ကနေ စတင်ဖြန့်ဝေလာတာပဲ ဖြစ်ပါတယ်။ ဒီသတင်းကိုပဲ အမျိုးသားရေးလှုပ်ရှားသူ မိုက်ကယ်ကျော်မြင့်တို့ကစလို့ တခြားစစ်ကောင်စီဝါဒဖြန့် ဖေ့ဘွတ်ခ်အကောင့်တွေမှာလည်း ထပ်ဆင့်ကူးယူဖော်ပြလာနေတာတွေကို တွေ့ရပါတယ်။
ကြေငြာချက်ထဲမှာဆိုရင် အကြမ်းဖက်စစ်ကောင်စီကနေ သပိတ်မှာ ပါဝင်မယ့်ဆိုင်တွေကို ဖမ်းဆီးနေတာတွေကြောင့် ရက်ရွှေ့လိုက်ရပါတယ်လို့ ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးကြည့်ရာမှာတော့ CRPH ရဲ့ တရားဝင် ဖေ့ဘုတ်ပေ့ချ်မှာ တရားဝင်ထုတ်ပြန်ထားတာမရှိပါဘူး။ ဒါ့အပြင် CRPH ရဲ့ ကြေငြာချက်တွေမှာ မေလ်းလိပ်စာ ကို ကြေငြာချက်ရဲ့ အလယ်တည့်တည့်မှာ ရေးလေ့ရှိပြီး ကြေငြာချက်အတုမှာကတော့ ဘေးဘက်မှာ ရေးသားထားပါတယ်။ မေလ်းလိပ်စာကလည်း မှားယွင်းနေပါသေးတယ်။ CRPH Page – https://www.facebook.com/crph.official.mm ဒီလိုပုံစံမျိုး ထုတ်ပြန်ချက် အတုလုပ်ပြီးထုတ်ပြန်တာတွေဟာ ယခင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။
ပြည်သူအားလုံး ပါဝင်ပြီး အောင်အောင်မြင်မြင်ပြီးစီးသွားခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်မတိုင်ခင်က ထွက်ပေါ်ခဲ့တာပါ။ ဒီအကြောင်းကို တွေးပြီးမှယုံကလည်း ပြန်ရှင်းထားခဲ့တာကို အောက်ကလင်ခ့်မှာ ကြည့်နိုင်ပါတယ်။ – https://www.facebook.com/598185483714847/posts/1806620389538011/ ဒီလို သတင်းတွေဟာ အသံတိတ်သပိတ်ကို အထမမြောက်ဖို့နဲ့၊ အင်အားလျော့နည်းသွားအောင်လို့ ဖြန့်ဝေနေခြင်းသာဖြစ်ပါတယ်။ ဒီလို ထုတ်ပြန်ချက်တွေတွေ့လာရင် သက်ဆိုင်ရာ အဖွဲ့အစည်းအတွေရဲ့ တရားဝင်စာမျက်နှာတွေနဲ့ တိုင်ဆိုင်စစ်ဆေးနိုင်ပါတယ်။ ဒါအပြင် တွေးပြီးမှယုံ ရဲ့ Chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။