Home>>တိုက်ပွဲ>>ဗိုလ်စောစလုံးကျဆုံးသွားပြီလို့ စစ်တပ်ထောက်ခံသူတွေ သတင်းတုဖြန့်နေ
တိုက်ပွဲ

ဗိုလ်စောစလုံးကျဆုံးသွားပြီလို့ စစ်တပ်ထောက်ခံသူတွေ သတင်းတုဖြန့်နေ

KNLA/ KNDO ပူးပေါင်းတပ်ကနေ မြဝတီတောင်ဘက်ရှိ သေ့ဘောဘိုး စစ်ကောင်စီစခန်းကို တက်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး နောက် မရှေးမနှောင်းမှာပဲ DKBA ခွဲထွက် ခေါင်းဆောင် စောစလုံးကျဆုံးသွားပြီဆိုတဲ့ သတင်းတွေကို တပ်ထောက်ခံသူတွေကနေ ဝါဒဖြန့် ရေးသားနေကြပါတယ်။
ဒီသတင်းကို မင်းသစ္စာဇော် အမည်ရှိတဲ့ ဖေ့ဘွတ်ခ်အကောင့်တစ်ခုကနေ စတင်ခဲ့တာဖြစ်ပြီး သတင်းတုထဲမှာဆိုရင်တော့
“ဒီမနက်သတင်း DKBA ခွဲထွက် KNDO ခေါင်းဆောင် စောစလုံးကျဆုံးသွားပြီဟု သိရ…”
Sittway Thitsar @ကရင်ပြည်နယ် ဆိုပြီးသတင်းတုရေးသားထားပါတယ်။
သတင်းတုကို လိုက်ခ် ပြုလုပ်ထားသူ ၃၇၉ ယောက် နှင့် ပြန်လည်မျှဝေထားသူ ၁၂၀ ယောက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် မူရင်းပိုစ့်ကို ပြန်လည်ကူးယူ ဖြန့်ဝေသူတွေလည်း အများအပြား ရှိနေပါတယ်။
ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)ရဲ့ အထူးကွန်မန်ဒို တပ်ရင်းမှူး ဗိုလ်စောစလုံး ကျဆုံးတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံမှ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ လွတ်လပ်တဲ့ မီဒီယာများ နဲ့ ကရင့်သတင်းရင်းမြစ် များမှာလည်း ရေးသားဖော်ပြထားခြင်းမရှိသလို KNDO၊ KNLA သတင်းစာမျက်နှာတွေမှာ ဗိုလ်စောစလုံး ကျဆုံးသွားတယ်လို့ ထုတ်ပြန်ထားခြင်း မရှိတာကို တွေ့ရပါတယ်။
ဒါ့အပြင် မနေ့က သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ သေဆုံးမှုများရှိနေပြီး တပ်သား (၆) ဦးကိုအရှင်ဖမ်းဆီးရမိထားကာ ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့များဘက်က တော်လှန်ရေးရဲဘော် (၃) ဦးကျဆုံးပြီး (၄) ဦးမစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်းကို KNLA ပူးပေါင်းတပ်ဖွဲ့တခုဖြစ်တဲ့ Cobra Colum ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ်ကနေ ယနေ့ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားတွေ့ရပါတယ်။
သေဘော့ဘိုးစခန်းသိမ်း တိုက်ပွဲလိုမျိုး နှစ်ဘက်အထိနာလာတဲ့ တိုက်ပွဲတွေရှိလာခဲ့ရင် မရှေးမနှောင်းမှာပဲ အခုလိုမျိုး သတင်းတုတွေကို အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် ဖေ့ဘွတ်ခ်အကောင့်တွေနဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ဆက်တိုက်ဖြန့်ဝေတတ်ကြပြီး စစ်တပ်ရဲ့ ကျရှုံးမှုတွေကို ဖုံးကွယ်ဖို့ရာ လုံးပမ်းလေ့ရှိပါတယ်။
ဗိုလ်စောစလုံးကျဆုံးတယ်ဆိုတဲ့ သတင်းမှာတော့ ပြည်သူများအထင်အမြင်လွဲမှားအောင် လုပ်ကြံဖန်တီးထားတဲ့ သတင်းတုတစ်ပုဒ်သာဖြစ်နေပါတယ်။
သတင်းတုဖန်တီးတဲ့သူတွေဟာ အချိန်ကာလပေါ်ကိုမူတည်ပြီး သတင်းတုများ ဖြန့်ဝေလေ့ရှိပါတယ်။ အခု ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွါးနေချိန် အခုလိုသတင်းတုမျိူး အချိန်ကိုက်ရေးသားပြီး ပြည်သူများကို အထင်မြင်လွဲမှားအောင် ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဒါ့ကြောင့် သတင်းကိုဖတ်ရှုတဲ့အခါ သတင်းရင်းမြစ်ကို သတိထားသင့်ပါတယ်။ ယုံကြည်ရတဲ့သတင်းဌာနတွေက တင်ဆက်ထားတာဟုတ်မဟုတ် ကြည့်ရှုသင့်ပါတယ်။ သတင်းတုလို့ယူဆရရင်လည်း တွေးပြီးမှယုံရဲ့ chat box သို့ လာရောက်မေးမြန်းနိုင်ပါတယ်နော်။
%d bloggers like this: