Home>>review>>ဇွန်လအတွင်း တွေ့ရှိရသော သတင်းတု/ မှားများ
review

ဇွန်လအတွင်း တွေ့ရှိရသော သတင်းတု/ မှားများ

ဇွန်လအတွင်း လေ့လာစောင့်ကြည့်မှုများအရ တွေ့ရှိရသည့် သတင်းတုများတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့အပေါ် အကြမ်းဖက်သမားများနှင့် ဗုဒ္ဓဘာသာအား ဖျက်ဆီးနေသူများဖြစ်ကြောင်း ပုံဖော်သည့် သတင်းတုတချို့ကို တွေ့ခဲ့ရသည်။ ယင်းအပြင် ချို့ယွင်းလာသော နိုင်ငံစီးပွားရေးနှင့် ပတ်သက်၍ ပြည်သူများအကြား ခြိမ်းခြောက်မှုများ ထည့်သွင်း၍ ငွေကြေးလိမ်လည်ရန် ကြိုးပမ်းခဲ့သည့် သတင်းတုဖြစ်စဉ်များလည်းတွေ့ခဲ့ရသည်။ အဆိုပါ သတင်းများအပြင် ပြည်တွင်းနိုင်ငံရေးအင်အားစုများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြားထိ ရိုက်ခတ်မှုများ ဖြစ်ပွားစေခဲ့သည့် သတင်းတခုလည်း ထွက်ပေါ်ခဲ့သည်။ 

၁။ NUG နာမည်ခံထားသည့် ကြေငြာချက်အတုတခုကိုသုံးပြီး ဘာသာရေးမှိုင်းတိုက်ခြင်း

မေ ၃၁တွင် ရန်ကုန်မြို့နယ်၊ အနော်ရထာလမ်းပေါ်တွင် ရှိသည့် ဘားလမ်းမှတ်တိုင်တွင် နေ့လည် ၃နာရီဝန်းကျင်အချိန်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မှတ်တိုင်တွင် ကားရပ်စောင့်နေသည့် ပြည်သူများထိခိုက်မှုများနှင့်နှင့် သေဆုံးသူများလည်း ရှိခဲ့သည်။ 

ဇွန် ၂ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) မှ ထုတ်ပြန်လိုက်ကြောင်း အယောင်ဆောင်ထားသည့် ကြေငြာချက်တခုကို သုံး၍ စစ်ကောင်စီဝါဒဖြန့် ဖေ့ဘွတ်ခ်အကောင့်များမှ လူမျိုးရေး၊ ဘာသာရေးသွေးထိုးလှုံ့ဆော်သည့် အရေးအသားများဖြင့် သတင်းတုဖြန့်ဝေခဲ့သည်။ သတင်းတုကို ဖြန့်ဝေသည့်အကောင့်မှာ ရွှေအလွမ်းဆိုသည့် ဖေ့ဘွတ်ခ်အကောင့်မှ ဖြန့်ဝေထားခဲ့ပြီး “တရားတော့ကျဖို့ကောင်းပါရဲ့ ပေးစာ ကမ်းစာ စားထားမှန်း သိသာတာပေါ့… မုတ်ဖက် ဆိတ်ဖတ် ရပ်ဝန်းအဆောက်အဦးတွေ ကွင်းပြီး ကျန်တာဘာလုပ်လုပ်တဲ့” ဆိုသောအညွှန်းဖြင့် NUG ၏ မေတ္တာရပ်ခံချက်ဆိုသည့် ကြေညာချက်တခုကိုသုံး၍ သတင်းတုဖြန့်ဝေခဲ့သည်။ 

ကြေငြာချက်ထဲတွင် “NLD, CRPH, NUG, PDF တွေအနေနဲ့ ဖော်ခွဲဖျက်ဆီးရေးတွေ လုပ်တဲ့နေရာမှာ ကျောက်တံတား၊ ပန်းဘဲတန်း၊ မင်္ဂလာတောင်ညွှန့်၊ တာမွေနဲ့ ဒေါပုံစတဲ့ မိမိတို့၏ မိတ်ဘက်ပြည်သူများ နေထိုင်ရာ မြို့ရွာများ ရပ်ကွက်များ၊ ဘာသာရေးအဆောက်အဦးများနှင့် နီးစပ်တဲ့ နေရာတွေမှာ ဖောက်ခွဲသတ်ဖြတ်တာတွေမလုပ်ဖို့ မေတ္တာရပ်ခံပါတယ်” ကြောင်းဖော်ပြထားသည်။ NUG ၏ တရားဝင်ဖေ့ဘွတ်ခ် ပေ့ချ် နှင့် ဝက်ဘ်ဆိုက် များတွင် ယခုကြေညာချက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာမျှ တွေ့ရှိခဲ့ခြင်းမရှိပေ။ 

အနော်ရထာလမ်း၊ ဘက်စ်ကား မှတ်တိုင်ကဲ့သို့ ရန်ကုန်မြို့လယ်ခေါင်တွင် ဗုံးပေါက်ကွဲခဲ့ပြီး လူတဦးသေဆုံး၊ တချို့ ဒဏ်ရာရ ဖြစ်စဉ်အား နိုင်ငံတဝန်းမှ ထိတ်လန့်အံ့ဩခဲ့ရသည့် အချိန်တွင် အဆိုပါ ထုတ်ပြန်ချက်အတုမှာ အချိန်ကိုက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပွားပြီးနောက်တွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သတင်းတု/မှားနှင့် အမုန်းစကားများကို လူမှုကွန်ရက်ပေါ်၌ တွေ့ရှိလာရသည်။ ယင်းသို့သို့ပေါက်ကွဲမှုဖြစ်အောင် ပြုလုပ်သူများမှာ PDF များဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်၏ ဝါဒဖြန့်အကောင့်များ နှင့် ၎င်းတို့ကိုထောက်ခံအားပေးသူများ၏ အကောင့်များသည် NUG, PDF နှင့် တခြားသော တော်လှန်ရေး အင်အားစုများအပေါ် မွတ်ဆလင်နိုင်ငံများ၏ ငွေကြေးအထောက်အပံ့တွေကိုယူပြီး ဗုဒ္ဓဘာသာကို ဖျက်ဆီးဖို့ ကြိုးစားနေကြောင်း ဇာတ်ကြောင်းပုံဖော်၍ သတင်းတုဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ Link

၂။ အဖွားအိုတဦးသေဆုံးခဲ့ပြီး နေအိမ် ၇၀ ကျော်မီးလောင်ပျက်ဆီးခဲ့သည့် ခင်ဦးမြို့နယ်က ကျေးရွာမီးရှို့မှုအား PDF များမှ ကျူးလွန်သယောင် ဖြန့်ဝေထားခဲ့သည့် သတင်းတု 

ဇွန် ၄ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင်ရှိသည့် သာဂရကျေးရွာသို့ အာဏာသိမ်းစစ်တပ် မှ ဝင်ရောက်စီးနင်း၍ မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။ ထိုဖြစ်စဉ်အား စစ်တပ်၏ ဝါဒဖြန့်အကောင့်များမှ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များမှ ကျူးလွန်ကြောင်း ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်၍ သတင်းတုဖြန့်ဝေခဲ့သည်။ ထိုသတင်းအား ခြသေ့်လိုလူ ပန်းလိုလူ အမည်ရှိဖေ့ဘွတ်ခ်အကောင့်မှ ဇွန် ၅ ရက်နေ့တွင် စတင်ဖြန့်ဝေထားခဲ့ပြီး သတင်းထဲတွင် ” ၇၉ နှစ်အရွယ်ကို သတင်းပေးဒလန်တဲ့လားကွာ” ဆိုပြီး ခေါင်းစဥ်တည် ရေးသားထားပြီး “စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် သာဂရကျေးရွာရှိ အသက် ၇၉နှစ်အရွယ် အဘွားအို ဒေါ်ရှိ အားသတင်းပေး ဒလန်အဖြစ်စွပ်ဆွဲပြီး PDF အကြမ်းဖတ်များမှ မီးရှို့ သတ်ဖြတ် ကျေးရွာကိုပါမီးရှို့ ဆန်စပါး တင်းပေါင်း သောင်းကျော် ပျက်စီး နေအိမ်အလုံး၇၀ကျော် ပြာကျ” ကြောင်းရေးသားထားသည်။ သတင်းတုကို လိုက်ခ်ပြုလုပ်သူ ၃၃၆ ယောက် နှင့်  ပြန်လည်မျှဝေသူပေါင်း ၁၁၁ ယောက်ရှိခဲ့သည်။ 

သတင်းအမှန်မှာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် ရှိသည့် နေအိမ် ၇၀ ကျော်မီးလောင်ကျွမ်းပြီး အသက် ၇၉ နှစ်အရွယ် အဖွားတစ်ဦး မီးထဲပါသည်မှာ မှန်သော်လည်း PDF များမှ မီးရှို့ဖျက်စီးခဲ့ခြင်း မဟုတ်ဘဲ စစ်တပ်ဘက်မှ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းကို လွတ်လပ်တဲ့တင်းမီဒီယာများမှ ဖော်ပြခဲ့သည်ကို တွေ့ရသည်။ အာဏာသိမ်းစစ်တပ်သည် PDF များနှင့် ဒေသကာကွယ်ရေးတပ်မတော်(LDF) များအား အကြမ်းဖက်သောင်းကျန်းသူများ ဖြစ်ကြောင်း ပုံဖျက်သတင်းတု ဖြန့်ဝေမှုများကို မကြာခဏ ပြုလုပ်လေ့ရှိသည်။  Link

၃။ KBZ Pay နာမည်ခံပြီး ငွေလိမ်ဖို့ ကြိုးစားနေသည့် ဖေ့ဘွတ်ခ်ပေ့ချ်များ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဘဏ်များ ခေတ္တခဏပိတ်ခဲ့ပြီး ဘဏ်ဝန်ထမ်းများမှ အလုပ်မသွားဘဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုများ ရှိခဲ့သည်။ များမကြာမီတွင် ဘဏ်များပြန်လည်ဖွင့်လှစ်လာပြီး ဘဏ်များ၊ ATM များနှင့် Mobile Banking များတွင် အကန့်အသတ်များစွာဖြင့် ငွေထုတ်ခဲ့ရပြီး မိမိအပ်ထားသည့် ငွေအား ပြန်လည်ထုတ်ရန် ရက်ဆိုင်းနှင့် တန်းစီမှုများ ပြုလုပ်ခဲ့ရသည်။ ထိုသို့ဖြစ်ပွားပြီးနောက်တွင် ၅ထောင်တန်များကိုပြန်လည်ရုတ်သိမ်းမည်၊ ငွေကျပ်၃သိန်းနှင့်အထက် လက်ဝယ်ထားရှိပါက ထိရောက်စွာအရေးယူမည် စသည့် သတင်းတု/မှား များစွာ ထွက်ရှိခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရပြီး တွေ့ပြီးမှယုံပေ့ချ်မှ သတင်းစီစစ်၍ သတင်းအမှားဖြစ်ကြောင်း တင်ဆက်ခဲ့‌သေးသည်။ 

ဇွန်လအတွင်းတွင် KBZ Pay အယောင်ဆောင်ပြီး သုံးစွဲသူတွေဆီကနေ ငွေကြေးလိမ်လည်ဖို့ အားထုတ်နေသည့် ဖေ့ဘွတ်ခ်ပေ့ချ်အများအပြား ထွက်ပေါ်လာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါပေ့ချ်များစွာထဲမှ ဇွန်၊ ၇ ရက်နေ့တွင် KBZ PAY – Service Center Myanmar အမည်ရှိ ဖေ့ဘွတ်ခ်ပေ့ချ်တခုသည် K Pay ထဲမှာ ငွေကျပ် ၁၀ သိန်းနဲ့အထက်ရှိတဲ့ အကောင့်တွေကို ပိတ်တော့မယ်။ ဒါကြောင့်အမြန်ဆုံးထုတ်ပါဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ သတင်းတု တခုကိုပါ ဖြန့်ဝေခဲ့သည်။ အဆိုပါ သတင်းတုနှင့် ပတ်သက်၍ အချက်အလက်စစ်ဆေးရန်အတွက် KBZ Pay call center အား ဖုန်းဆက်သွယ်၍ မေးမြန်းခဲ့ရာ သတင်းတုပါ အချက်အလက်များပါ ညွှန်ကြားထားမှုမျိုး မရှိကြောင်းနှင့် ယင်းမှာ သတင်းတုသာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး သတိထားရန်နှင့် အချက်အလက်များ တောင်းခံလာပါက မပေးရန် ဖြေကြားပေးခဲ့သည်။ 

ယင်းအပြင် အဆိုပါပေ့ချ်အား ငွေလွှဲထုတ်သယောင်ဖြင့် မည်သည့်အရာများ လိုအပ်သည်အား သိရှိနိုင်ရန် မေးမြန်းခဲ့ရာ ငွေထုတ်လိုသူ၏ ကိုယ်ရေးအချက်အလက်များနှင့် ပိုင်ရှင်တဦးတည်းသာ သိရမည့် One Time Password (OTP) ကိုလည်း တောင်းယူခဲ့ရာ မသမာမှုပြုလုပ်မည်ဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့သည်။

မီဒီယာနှင့် နည်းပညာဆိုင်ရာ အားနည်ချက်များစွာရှိသော မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ဖေ့ဘွတ်ခ်နှင့် လက်ကိုင်ဖုန်းများမှ တဆင့် လိမ်လည် ငွေတောင်းခံမှုများသည် အများအပြားဖြစ်ပွားခဲ့သည်။ အထူးသဖြင့် လေယာဉ်မှူး(သို့) အသက်ကြီးရင့်နေပြီဖြစ်သော  နိုင်ငံခြားသားတဦးပုံတင်ထားသော ဖေ့ဘွတ်ခ်အကောင့်တခုမှ မြန်မာနိုင်ငံသားတဦး၏ ဖေ့ဘွတ်ခ်သို့ လာရောက်ချိတ်ဆက်မှုပြုလုပ်၍ လက်တွဲဖော်အဖြစ် တွဲလိုကြောင်းနှင့် ပိုက်ဆံတချို့၊ လက်ဆောင်ပစ္စည်းတချို့ကို လွှဲပြောင်းပေးလိုကြောင်း ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်။ ယင်းကမ်းလှမ်းမှုအား လက်ခံခဲ့ပါက အဆိုပါ ပိုက်ဆံငွေကြေး၊ လက်ဆောင်လွှဲပြောင်းမှုအတွက် ကြိုတင်ငွေတချို့တဝက်ပေးဆောင်ရမည် ဖြစ်ကြောင်း ဆက်လက်တောင်းဆို၍ လိမ်လည်ခံရသူ တချို့တွင် မြန်မာငွေ သိန်း ရာဂဏန်းပင် ပေးဆောင်ခဲ့ရသူများ ရှိခဲ့သည်။ အဆိုပါ လိမ်လည်သူများတွင် နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းလိမ်လည်ခဲ့ကြခြင်းဖြစ်သည်။

ဖြစ်စဉ်တူ လိမ်လည်မှုတခုတွင် ဖုန်းကုမ္ပဏီ(သို့) စီးပွားရေးလုပ်ငန်း(သို့) ဆက်သွယ်ရေးအော်ပရေတာတခု ၏ နှစ်ပတ်လည် ကံစမ်းမဲတခုတွင် မဲပေါက်ကြောင်း အဆိုပါ ကံစမ်းမဲအား ထုတ်ယူလိုပါက ကံစမ်းမဲနှင့် လွှဲပြောင်းထုတ်ယူခြင်းဆိုင်ရာ ကုန်ကျစားရိတ်များကို ကြိုတင်လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း တောင်းဆိုခဲ့ပြီး လိမ်လည်ရယူခြင်းဖြစ်သည်။ 

ယခု KBZ Pay နံမည်ခံ၍ လိမ်လည်မှုသည် ယင်းဖြစ်စဉ်များစွာထက်ကျော်လွန်၍ ဖေ့ဘွတ်ခ်ကို အသုံးချကာ လူပုဂ္ဂိုလ်တဦးတယောက်၏ ဘဏ္ဏာရေးဆိုင်ရာ အချက်အလက်များကို လိုအပ်သလို မသမာမှုများ ပြုလုပ်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ Link

 

၄။ တယ်စလာဖုန်း ဆိုသည့် ကောလဟာလ

ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီ တခုဖြစ်သည့် Tesla မှ နည်းပညာမြင့် စမတ်ဖုန်းတလုံးထုတ်လုပ်မည် ဆိုသည့် ကောလဟလ တခုပြန်နှံ့ခဲ့သည်။ နိုင်ငံတကာ မျက်နှာစာများတွင် ပျံ့နှံ့ခဲ့ပြီးဖြစ်သည့် အဆိုပါ သတင်းတုမှာ မြန်မာနိုင်ငံမှ ဖေ့ဘွတ်ခ် ပလက်ဖောင်းပေါ်တွင် ဇွန် ၁၁ တွင် စတင်ပြန်နှံ့ခဲ့ရာ  ထပ်ဆင့်ကူးယူဖော်ပြသူ အများအပြားကို တွေ့ခဲ့ရပြီး ဖေ့ဘွတ်ခ်၏ Blue Mark ရရှိထားသူ တချို့မှလည်း ကူးယူဖော်ပြခဲ့ကြသည်ကို တွေ့ခဲ့ရသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ အချက်အလက်စစ်ဆေးရန်အတွက် Tesla ကုမ္ပဏီ၏ အကြီးအကဲဖြစ်သူ Elon Musk ၏ Twitter, Instagram စသည့် လူမှုကွန်ရက်အကောင့်များနှင့် ကုမ္ပဏီ၏ တရားဝင် Website တို့မှာ တိုက်ဆိုင်စစ်ဆေးခဲ့ရာ စမတ်ဖုန်းတလုံးကို ထုတ်လုပ်ခဲ့သည်ဆိုသည့် သတင်းကြေငြာချက် တစုံတရာမှ ထုတ်ပြန်ထားခြင်း မရှိတာကို တွေ့ရသည်။

ယင်းအပြင် နိုင်ငံတကာ နည်းပညာရပ်ဝန်းဆိုင်ရာ သတင်းများကို တင်ဆက်ပေးနေသည့် Teachtimes ၏ ဝက်ဘ်ဆိုက်တွင်လည်း အဆိုပါ သတင်းမှာ Tesla ကုမ္ပဏီမှ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသောကြောင့် ကောလဟလ တခုဟုသာ မှတ်ယူနိုင်ကြောင်း သတင်းဖော်ပြခဲ့ရာ သတင်းတုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ 

ယခုသတင်းတုသည် အိန္ဒိယနှင့် ထိုင်းနိုင်ငံကဲ့သို့ အခြားသော နိုင်ငံများတွင် မူရင်းပထမ ပြန့်နှံ့လာခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ ဖေ့ဘွတ်ခ်သုံးစွဲသူများအကြား တဟုန်ထိုးပြန့်နှံ့လာခဲ့သည်ကို တွေ့ရသည်။ သတင်းတုကြောင့် ကြီးမားသည့် ရိုက်ခတ်မှုများ မရှိသည့်တိုင်အောင် အချို့သော ဖေ့ဘွတ်ခ်၏ တရားဝင်အသိအမှတ်ပြုထားခြင်းခံရသော အကောင့်များ (Blue Mark) မှလည်း ကူးယူဖော်ပြမှုများ ရှိခဲ့ပြီး မြန်မာနိုင်ငံကဲ့သို့ သတင်းအချက်အလက်များ စီးဆင်းမှုအားကောင်းရန် လိုအပ်သည့် နိုင်ငံအတွက် အနှောင့်အယှက်ဖြစ်စေသည်။  Link

 

၅။ လျှပ်စစ်မီတာခ နှစ်ဆမှ သုံးဆကြား မြင့်တက်မည်ဟု သတင်းအဟောင်းကို အသုံးပြုထားသည့် သတင်းတု

၂၀၁၉ ခုနှစ်တွင် မြင့်တက်ခဲ့သည့် မီတာဘေလ်ဈေးနှုန်းများအား ပြန်လည်အသုံးပြု၍ ၂၀၂၂ ခုနှစ်၊  ဇူလိုင်၊ ၁ ရက်နေ့မှ စတင်၍ မီတာခ ဈေးနှုန်း ၂ ဆ ကျော် မြင့်တက်မည်ဆိုသည့် သတင်းတခု တဟုန်ထိုးပြန့်နှံ့ခဲ့သည်။

Kyaw Htay Win နာမည်ရှိ ဖေ့ဘွတ်ခ်အကောင့်တခုမှ ဦးဆုံးဖြန့်ဝေခဲ့ သည်ကို တွေ့ရပြီး ပြန်လည်မျှဝေသူပေါင်း ၄၄၅၉ ဦးအထိ ရှိခဲ့သလို ၎င်းအား ထပ်ဆင့်ကူးယူဖော်ပြမှုများလည်း အများအပြားရှိခဲ့သည်။ သတင်းတုတွင် တိုးမြင့်မည်ဆိုထားသည့် မီတာခ ဈေးနှုန်းများကို ဖော်ပြထားပြီး ဇူလိုင်၊ ၁ ရက်နေ့မှ စတင်မည်ဟု ဖော်ပြထားသည်။

အဆိုပါသတင်းပါ အချက်အလက်များနှင့် ပတ်သက်၍ အချက်အလက်စစ်ဆေးခဲ့ရာ ၂၀၁၉၊ ဇွန် တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားခဲ့သည့် သတင်းကိုပဲ အချိန်နှင့် အကိုက် ပြန်လည်ဖော်ပြ ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ သတင်းအဟောင်းကို Link တွင် ဝင်ရောက်ဖတ်ရှု့နိုင်ပြီး သတင်းတုပါ မီတာခ ဈေးနှုန်းများကို ဝန်ကြီးဌာနတွင် ထုတ်ပြန်ထားသည့် တွက်ချက်မှုစနစ်တွင် တွက်ချက်ခဲ့ရာတွင်လည်း ၂၀၁၉ ခုနှစ် က ပြောင်းလဲခဲ့သည့် ဈေးနှုန်းသားဖြစ်နေသည်။ Link တွင် ဝင်ရောက်တွက်ချက် စစ်ဆေးအတည်ပြုနိုင်သည်။ ထပ်မံအတည်ပြုမှုများ ပြုလုပ်ရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းအတည်ပြုခဲ့ရာ ယင်းသို့ ညွှန်ကြားချက်မျိုး တစုံတရာ လက်ခံမရရှိထားသလို ဓါတ်အားခ တိုးမြင့်ခြင်းမှာ ယခုသတင်းတုပါကဲ့သို့ လွယ်လင့်တကူ တိုးမြင့်၍ မရသောကြောင့် သတင်းတု တခုသာ ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သလို Yangon Electricity Supply Corporation (YESC) ၏ ဖေ့ဘွတ်ခ်ပေ့ချ်မှလည်း ယင်းမှာ သတင်းတုသာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ဖြေရှင်းခဲ့သည်။

သတင်းတုသည် စတင်ဖြန့်ဝေခဲ့ပြီး မကြာသေးမှီအချိန်မှာပဲ ပြန့်နှံ့အင်အား ကြီးမားခဲ့သည်ကို တွေ့ခဲ့ရသည်။ ထိုသို့ အများအပြား ပြန့်နှံ့ခဲ့ရသည့် အခြေခံအကြောင်းအရာ တရပ်မှာ မြန်မာနိုင်ငံသည် ၂၀၂၀ ခုနှစ်၊ ကိုဗစ်ကပ်ဘေးဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသလို ယင်းကပ်ဘေးဒဏ်မှ လွတ်မြောက်စ ကာလတွင် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှု ဒဏ်ကိုပါ ခါးဆင့်ထမ်းခဲ့ရသည်။ အာဏာသိမ်းရန် ကြိုးပမ်းမှု ကာလအတွင်း မြန်မာနိုင်ငံတဝန်း မီးအားပျက်တောက်မှုများ ဆိုးဆိုးဝါးဝါးကြုံတွေ့ခဲ့ရပြီး တနေ့တာတွင် လျှပ်စစ်မီးရရှိချိန် ၆ နာရီအောက် နည်းပါးသည့် ကာလများနှင့် ရင်ဆိုင်ခဲ့ရသည်။ အဆိုပါ ဖြစ်စဉ်များအကြား ငွေကြေးအကြပ်အတည်းများနှင့် နံလန်မထူအောင် စိန်ခေါ်ချက်များ ရှိနေခဲ့ချိန် ယခုကဲ့သို့ မီတာခ ထပ်မံတိုးမြင့်တော့မည်ဆိုသည့် သတင်းတုမှု ပြည်သူများအကြား ခြောက်ခြားဖွယ်ရာအတိ ဖြစ်ခဲ့၍ အလျှင်အမြန်ပြန့်နှံ့ခဲ့ရခြင်းဖြစ်သည်။  Link

 

%d bloggers like this: