Home>>bomb>>ရန်ကုန်မြို့လယ်ခေါင်မှာ ပေါက်ကွဲခဲ့တဲ့ ဗုံးကို ရန်ကုန် PDFက ဖောက်ခွဲခဲ့တယ်ဆိုတဲ့ ကြေငြာချက်အတုပြန့်နေ
bombstatement

ရန်ကုန်မြို့လယ်ခေါင်မှာ ပေါက်ကွဲခဲ့တဲ့ ဗုံးကို ရန်ကုန် PDFက ဖောက်ခွဲခဲ့တယ်ဆိုတဲ့ ကြေငြာချက်အတုပြန့်နေ

အရပ်သား ၁၀ ဦးကို ထိခိုက်စေတဲ့ အနော်ရထာလမ်းမပေါ်က ဘတ်စ်ကားမှတ်တိုင်မှာ ဗုံးပေါက်ကွဲမှုကို PDF – YGN မှ လုပ်ဆောင်ခဲ့ဆိုတဲ့ ကြေငြာချက် အတုတခုကို စကစ ထောက်ခံသူတွေရဲ့ ဖေ့ဘွတ်ခ်အကောင့်တွေကနေ ဖြန့်နေပါတယ်။
ကြေငြာချက်တခုရဲ့ ပုံနဲ့အတူ “၃၁-၅-၂၀၂၁ ရက်နေ့ ညနေ (၃)နာရီ (၂၀)အချိန် အစ္စလာမ်ဘာသာဝင် (၁)ဦး သေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်း၊ ဘားလမ်းထိပ်တွင် ဖြစ်ပွားခဲ့သော ဗုံးကွဲမှုဖြစ်စဥ်နှင့် ပတ်သက်၍ People Defence Force (PDF) က ယင်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။” ဆိုတဲ့ စာကို ရေးထားပြီး ကြေငြာချက်ကို ဖြန်ဝေထားတာကို တွေ့ရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ PDF – YGN က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ထားသယောင် ပုံဖော်ထားတဲ့ သတင်းတု ဖြန့်ဝေထားတာကို တွေ့ခဲ့ရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG ကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တွေရဲ့ လုပ်ရပ်မဟုတ်လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒါအပြင် ဒီလို လုပ်ရပ်များကိုလည်း ရှုံ့ချတယ်လို့ ဆက်လက်ဖော်ပြပါတယ်။
ဒါ့အပြင် ခုလိုကြေညာချက်အတု ထွက်လာတဲ့ PEOPLE’S DEFENCE FORCE Y A N G O N ဆိုတဲ့ ပေ့ချ်ကနေ ၂၀၂၁ အောက်တိုဘာလမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကို သတိပေးတဲ့ ထုတ်ပြန်ချက်အတု ဖြန့်ဝေခဲ့တာကိုလည်း တွေ့ရပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ အရပ်သားပြည်သူတွေကို သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို PDF တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လုပ်ရပ်သာဖြစ်တယ်လို့ စစ်တပ်ထောက်ခံသူအကောင့်တွေနဲ့ ဝါဒဖြန့်အကောင့်တွေကနေ မကြာခဏဆိုသလို ဖြန့်ဝေလေ့ရှိပါတယ်။
ဒီလိုသတင်းတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ တရားဝင်ထုတ်ပြန်ချက်တွေနဲ့ လွတ်လပ်တဲ့မီဒီယာတွေကနေ ဖော်ပြပေးနေတဲ့ သတင်းတွေကိုသာ လက်ခံယုံကြည်ဖို့ တိုက်တွန်းပါတယ်။ အခက်အခဲတစုံတရာရှိခဲ့ရင်လည်း တွေးပြီးမှယုံရဲ့ Chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်။
%d bloggers like this: