Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>NUG နံမည်ခံထားတဲ့ ကြေငြာချက်အတုတခုကိုသုံးပြီး ဘာသာရေးမှိုင်းတိုက်နေ
နိုင်ငံရေးstatement

NUG နံမည်ခံထားတဲ့ ကြေငြာချက်အတုတခုကိုသုံးပြီး ဘာသာရေးမှိုင်းတိုက်နေ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကနေ ထုတ်ပြန်လိုက်တယ်ဆိုတဲ့ ကြေငြာချက်တခုကို သုံးပြီးတော့ စစ်ကောင်စီဝါဒဖြန့် ဖေ့ဘွတ်ခ်အကောင့်တွေကနေ လူမျိုးရေး၊ ဘာသာရေးသွေးထိုးတာတွေ ဖြန့်ဝေနေပါတယ်။
ဒီကြေငြာချက်ကို ဇွန်၊ ၂ ရက်နေ့က ရွှေအလွမ်းဆိုတဲ့ ဖေ့ဘွတ်ခ်အကောင့်တခုကနေ ဖြန့်ဝေထားတာကို တွေ့ရပြီး “တရားတော့ကျဖို့ကောင်းပါရဲ့ ပေးစာ ကမ်းစာ စားထားမှန်း သိသာတာပေါ့… မုတ်ဖက် ဆိတ်ဖတ် ရပ်ဝန်းအဆောက်အဦးတွေ ကွင်းပြီး ကျန်တာဘာလုပ်လုပ်တဲ့” ဆိုတဲ့ အညွှန်းကို ရေးထားပြီး NUG ရဲ့ မေတ္တာရပ်ခံချက်ဆိုတဲ့ ကြေငြာချက်တခုကို သုံးထားပါတယ်။
ကြေငြာချက်ထဲမှာဆိုရင် “NLD, CRPH, NUG, PDF တွေအနေနဲ့ ဖော်ခွဲဖျက်ဆီးရေးတွေ လုပ်တဲ့နေရာမှာ ကျောက်တံတား၊ ပန်းဘဲတန်း၊ မင်္ဂလာတောင်ညွှန့်၊ တာမွေနဲ့ ဒေါပုံစတဲ့ မိမိတို့၏ မိတ်ဘက်ပြည်သူများ နေထိုင်ရာ မြို့ရွာများ ရပ်ကွက်များ၊ ဘာသာရေးအဆောက်အဦးများနှင့် နီးစပ်တဲ့ နေရာတွေမှာ ဖောက်ခွဲသတ်ဖြတ်တာတွေမလုပ်ဖို့ မေတ္တာရပ်ခံပါတယ်” လို့ ဖော်ပြပါတယ်။
ဒီကြေငြာချက်နဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ တရားဝင် ဖေ့ဘွတ်ခ်ပေ့ချ်မှာ ဖော်ပြချက်နဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာ ဒီလို ကြေငြာချက်ကို ဖော်ပြတာမျိုး မတွေ့ခဲ့ရပါ။ NUG ရဲ့ ပေ့ချ်ကို အောက်ကလင်ခ့်မှာ ကြည့်နိုင်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်အကေင့်တွေနဲ့၊ ထောက်ခံသူတို့ရဲ့ အကောင့်တွေဟာ NUG, PDF နဲ့ တခြားသော တော်လှန်ရေး အင်အားစုများအပေါ် မွတ်ဆလင်နိုင်ငံများ၏ ငွေကြေးအထောက်အပံ့တွေကိုယူပြီး ဗုဒ္ဓဘာသာကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်လို့ ဇာတ်လမ်းဆင်ပုံဖော်နေပါတယ်။ ယခု သတင်းတုဟာလည်း ဒီဇာတ်လမ်းဆင်ပုံဖော်မှုတွေထဲက တခု အပါအဝင်ဖြစ်ပါတယ်။
ဒါ့အပြင် ကြေငြာချက်အတုရဲ့ သဘောဟာ ကြေငြာချက်ထဲမှာ ပါတဲ့ နေရာတွေကလွဲလို့ ကျန်တဲ့နေရာတွေကို ဖောက်ခွဲဖျက်ဆီးနိုင်သယောင် ပုံဖော်တာကို တွေ့နိုင်ပါတယ်။ အမှန်တကယ်မှာတော့ PDF အဖွဲ့တွေဟာ အာဏသိမ်းစစ်တပ်ဒေါက်တိုင်တွေဖြစ်တဲ့ နေရပ်တွေကိုသာ တိုက်ခိုက်သွားမှာဖြစ်ပြီး အရပ်သားတွေ ရှိရာကို မည်သို့အမချိန်မှ တိုက်ခိုက်သွားမည် မဟုတ်ကြောင်းကို အတိအလင်းကြေငြာထားပါတယ်။
ဒါ့ကြောင့် ထုတ်ပြန်ချက်စာမျိူးတွေ တွေ့ရင်ပဲဖြစ်စေ၊ ဓာတ်ပုံ၊ ဗွီဒီယိုတွေနဲ့ တွဲပြီး တင်ထားတဲ့ သတင်းတွေ့ရင်ပဲဖြစ်စေ နေ့ရက်၊ အချိန်နဲ့ သတင်းရင်းမြစ်တွေကို စမ်းစစ်သင့်ပါတယ်။ သတင်းစစ်ဆေးဖို့ အခက်အခဲရှိရင်လည်း တွေးပြီးမှယုံရံ Chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။
%d bloggers like this: