Home>>Business::Sales>>KBZ Pay နာမည်ခံပြီး ငွေလိမ်ဖို့ ကြိုးစားနေတဲ့ ပေ့ချ်များ
Business::SalesPage အတု

KBZ Pay နာမည်ခံပြီး ငွေလိမ်ဖို့ ကြိုးစားနေတဲ့ ပေ့ချ်များ

KBZ Pay အယောင်ဆောင်ပြီး သုံးစွဲသူတွေဆီကနေ ငွေကြေးလိမ်လည်ဖို့ ကြိုးစားနေတဲ့ ဖေ့ဘွတ်ခ်ပေ့ချ်တွေ အများအပြားပေါ်လာနေပါတယ်။
ဖေဖော်ဝါရီ၊ ၁၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘဏ်တွေကနေ အပ်ငွေတွေ အုံနဲ့ကျင်းနဲ့ ထုတ်ယူခဲ့တာကြောင့် ငွေထုတ်ခွင့်တွေကို ပမာဏတခု သတ်မှတ်ခဲ့သလို KBZ Pay, Wave Money စတဲ့ Mobile application တွေထဲက ငွေတွေကိုလည်း ငွေထုတ်ပေးရာနေရာတွေမှာ သတ်မှတ်အချိုးအတိုင်း ထပ်ဆောင်းပေးရတဲ့ ပမာဏတခုနဲ့ ထုတ်ယူကြရပါတယ်။
ခုနောက်ပိုင်းမှာတော့ KBZ Pay ရဲ့ application မှ တဆင့် KBZ bank ဆီ တိုကင်ယူပြီး ထုတ်ယူခွင့်ပေးခဲ့ပါတယ်။
ဒါနဲ့ မရှေးမနှောင်းမှာပဲ K Pay ကနေ ငွေထုတ်ယူဖို့ အွန်လိုင်းဝန်ဆောင်မှုပေးတယ်ဆိုတဲ့ ဖေ့ဘွတ်ခ်ပေ့ချ်တွေ အများအပြားထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
ဒီပေ့ချ်အတု မြောက်များစွာထဲကမှ KBZ PAY – Service Center Myanmar နာမည်ခံထားတဲ့ ပေ့ချ်မှာတော့ K Pay ထဲမှာ ငွေကျပ် ၁၀ သိန်းနဲ့အထက်ရှိတဲ့ အကောင့်တွေကို ပိတ်တော့မယ်။ ဒါကြောင့်အမြန်ဆုံးထုတ်ပါဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ သတင်းတု တခုကိုပါ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီသတင်းတုဟာ အချိန်တိုအတွင်းမှာပဲ ပြန်လည်မျှဝေသူပေါင်း ၇၀၆ ဦးအထိ ရှိခဲ့ပါတယ်။
ဒီပေ့ချ်တွေရဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ စုံစမ်းခဲ့ရာမှာတော့ သုံးစွဲသူတွေရဲ့ မှတ်ပုံတင်၊ အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ်၊ ထုတ်ယူလိုတဲ့ ငွေပမာဏ၊ မြို့နယ် စတာတွေကို အဲ့နံမည်ခံ ပေ့ချ်တွေကနေ တောင်းခံခဲ့သလို ဖုန်းနံပါတ်ထဲကျလာတဲ့ OTP(one time password) ဆိုတဲ့ ဂဏန်းခြောက်လုံးကိုလည်း ပေးဖို့ ပြောကြပါတယ်။ ဒီလို OTP ခေါ်တဲ့ ဂဏန်းခြောက်လုံးပါ ကုဒ်နံပါတ်ဟာ သုံးစွဲသူပိုင်ရှင် တဦးတယောက်ကသာ သိရပြီး တခြားသူတွေ သိခဲ့ပါက မိမိရဲ့ K Pay အကောင့်ကို လိုသလိုစီမံသွားနိုင်ပါတယ်။ ဒီလိုပဲ OTP ကုဒ်တွေကို ဘယ်သူမှထပ်ပြီး မဝေမျှဖို့လည်း K Pay ရဲ့ စာတိုမှာ တခါတည်း ဖော်ပြပါတယ်။ ဒီလို ပိုင်ရှင်တဦးတည်းသိရမဲ့ နံပါတ်ကို မေးမြန်းပြီဆိုတည်းက လိမ်လည်ဖို ကြိုးစားနေပြီဆိုတာ ပေါ်လွင်ပါတယ်။
ဒီအကြောင်းအရာနဲ့ပဲ ပတ်သက်လို့ KBZ Pay ရဲ့ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာက ဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ဒီပေ့ချ်တွေဟာ လိမ်လည်နေတဲ့ ပေ့ချ်အတုတွေသာ ဖြစ်တယ်လို့ ပြန်လည်ဖြေကြားပါတယ်။
နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေများတဲ့ မြန်မာနိုင်ငံမှာ အခုလို ငွေကြေးလိမ်လည်မှုတွေဟာ မကြာခဏဖြစ်နေသလို အခုလို ပေ့ချ်တွေဟာလည်း အများအပြားရှိနေပါတယ်။ ဒီလိုလိမ်လည်မှုတွေနဲ့ ပတ်သက်ရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ တရားဝင်ဖေ့ဘွတ်ခ်ပေ့ချ်တွေရဲ့ ထုတ်ပြန်မှုတွေကိုသာ စောင့်ကြည့်ဖတ်ရှု့ဖို့ တိုက်တွန်းပါတယ်။ တစုံတရာအခက်ရှိခဲ့ရင်လည်း တွေးပြီးမှယုံရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
%d bloggers like this: