Home>>Business::Sales>>မီတာခတွေ နှစ်ဆကနေ သုံးဆကြား တက်တော့မယ်ဆိုပြီး သတင်းအဟောင်းကို ပြန်ဖွနေ
Business::Sales

မီတာခတွေ နှစ်ဆကနေ သုံးဆကြား တက်တော့မယ်ဆိုပြီး သတင်းအဟောင်းကို ပြန်ဖွနေ

၂၀၁၉ ခုနှစ်က တက်ခဲ့တဲ့ မီတာဘေလ်ဈေးနှုန်းတွေကို ပြန်သုံးပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်၊ ၁ ရက်နေ့ကနေစပြီး မီတာခ ဈေးနှုန်းတွေ ၂ ဆ ကျော်တက်တော့မယ်ဆိုတဲ့ သတင်းတခု တဟုန်ထိုးပြန့်နှံ့နေပါတယ်။
ဒီသတင်းကို Kyaw Htay Win နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်တခုကနေ ဦးဆုံးဖြန့်ဝေလာတာကို တွေ့ရပြီး ပြန်လည်မျှဝေသူပေါင်း ၄၄၅၉ ဦးအထိ ရှိနေသလို သူ့ကိုပဲ ထပ်ဆင့်ကူးယူဖော်ပြတာတွေလည်း အများအပြားတွေ့နေရပါတယ်။
သတင်းမှာဆိုရင် ဇူလိုင် ၁ ကနေစလို့ မီတာခတွေ နှစ်ဆကျော်တက်လာတော့မှာဖြစ်လို့ လျှပ်စစ်မီးကို ချွေတာသုံးကြဖို့ တိုက်တွန်းထားပြီး ပြောင်းလဲလာမဲ့ မီတာခဆိုပြီး ဈေးနှုန်းတွေလည်း ဖော်ပြထားတာကို တွေ့ရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ ၂၀၁၉ ခုနှစ်၊ ဇွန်လပိုင်းက ပျံ့နှံ့ခဲ့တဲ့ မီတာဘေလ်တက်ခဲ့သတင်းကို ပြန်သုံးပြီး သတင်းတုဖြန့်ဝေနေတာကို တွေ့ခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်က Yangon Electricity Supply Corporation (YESC) ရဲ့ ဝက်ဆိုက်ဘ် မှာ ကြေငြာထားခဲ့တာကို အောက်ကလင်ခ်မှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်။
ဒါအပြင် ပြန်နှံ့နေတဲ့ သတင်းအဟောင်းထဲမှာ ပါဝင်တဲ့ ဈေးနှုန်းဟာလည်း ၂၀၁၉ ခုနှစ်က ပြောင်းလဲသတ်မှတ်ထားတဲ့ မူလ ဈေးနှုန်းသာဖြစ်တယ်ဆိုတာကို အောက်ကလင်ခ့်မှာ ကိုယ်တိုင်သွားရောက် တွက်ချက်နိုင်ပါတယ်။
စစ်တပ်ကနေ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းမှာ နိုင်ငံတဝှမ်းမီးအားမနိုင်တာတွေကြောင့် လျှပ်စစ်မီးတွေ ပျက်တောက်တာကို အကြီးအကျယ်ရင်ဆိုင်နေကြရပါတယ်။ လျှပ်စစ်မီးပြတ်တောက်တာတွေ အပြင် လောင်စာဆီ ရှားပါးမှု ပြသနာဟာလည်း မကြာခဏဆိုသလို ရင်ဆိုင်နေရပြီး ဆီဈေးတွေလည်း အဆမတန်မြင့်မားလာနေပါတယ်။ ဒီလို အခြေအနေတွေ လျှပ်စစ်မီတာခပါ ထပ်တက်မယ်ဆိုတော့ လူတွေအကြား စိုးရိမ်ထိတ်လန့်ကြီးစွာနဲ့ ဖြန့်ဝေနေတာတွေကြောင့် သတင်းတွေ လျင်လျင်မြန်မြန်ပြန်နှံ့လာနေရပါတယ်။
ဒါကြောင့် လျှပ်စစ်မီတာကောက်ခံမှုတွေ ထပ်မံမြင့်တက်ဖို့ ရှိနိုင်မလား မသိနိုင်ပေမဲ့ ယခု ပြန်နှံ့နေတဲ့ သတင်းဟာ သတင်းအဟောင်းတပုဒ်ကို ပြန်ဖွနေတာသာ ဖြစ်တယ်လို့ ဖော်ပြပေးလိုက်ပါတယ်။
စာဖတ်သူတွေအနေနဲ့လည်း လွတ်လပ်တဲ့ တရားဝင်မီဒီယာတွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ တရားဝင်ဝက်ဆိုဘ်၊ ပေ့ချ်စတဲ့ နေရာတွေကိုသာ စောင့်ကြည့်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ အခက်အခဲတစုံရာရှိခဲ့ရင်လည်း တွေးပြီးမှယုံရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
%d bloggers like this: