Home>>တိုက်ပွဲ>>အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်းမှာ အလောင်းတွေကိုဖျောက်နေတယ်ဆိုပြီး ဗွီဒီယိုအဟောင်းနဲ့ သတင်းတုတင်ထား၊ စစ်တပ်တကယ်ကျူးလွန်နေတဲ့ သတင်းတွေကို ဖုံးကွယ်ရာရောက်နေ
တိုက်ပွဲဗွီဒီယိုဖိုင်အလွှဲ

အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်းမှာ အလောင်းတွေကိုဖျောက်နေတယ်ဆိုပြီး ဗွီဒီယိုအဟောင်းနဲ့ သတင်းတုတင်ထား၊ စစ်တပ်တကယ်ကျူးလွန်နေတဲ့ သတင်းတွေကို ဖုံးကွယ်ရာရောက်နေ

တွေးပြီးမှယုံ ကရင်ပြည်နယ်၊ မြဝတီခရိုင်ထဲမှာ ဖြစ်ပွားခဲ့တဲ့ သတင်းဗွီဒီယိုဖိုင်အဟောင်းကို ပြန်သုံးပြီးတော့ စစ်ကိုင်းတိုင်းထဲမှာ ပြည်သူတွေကို သတ်ဖြတ်ပြီး အာဏာသိမ်းစစ်တပ် အလောင်းဖျောက်နေတယ်ဆိုတဲ့ ဗွီဒီယိုသတင်းတု တခုကို ဖြန့်ဝေနေပါတယ်။

ဒီသတင်းကို Thuya Zaw နံမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်တခုကနေ ဇူလိုင်၊ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေလာတာကို တွေ့ခဲ့ရပြီး ဗွီဒီယိုကြည့်ရှု့သူပေါင်း ၂၄၀၀၀ ကျော်၊ ပြန်လည်မျှဝေသူပေါင်း ၇၇၂ ဦးအထိရှိခဲ့သည်။ သတင်းတွင် “စစ်ကိုင်းတိုင်းအတွင်း တစ်နေရာတွင်ပြည်သူများအား သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားများက အလောင်းဖျောက်နေသည့် ရုပ်သံမှတ်တမ်း သား​လေး” ဆိုပြီး စာအညွှန်းတပ်ထားပါတယ်။

ဒီသတင်းဗွီဒီယိုဖိုင်နဲ့ ပတ်သက်လို့ တွေးပြီးယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ ဖြစ်စဥ်အမှန်မှာ မေ၊ ၃၀ ရက်​နေ့က မြဝတီခရိုင်၊ ကနဲ​လေး​ကျေးရွာအနီးမှာ လမ်းလုပ်သား​​တွေကို KNDO အဖွဲ့မှ ဖမ်းဆီးခံခဲ့ရပြီး​နောက် အသတ်ခံခဲ့ရ ဆိုတဲ့ ဖြစ်စဥ်က ဗွီဒီယိုဖိုင်ကို ပြန်လည် အသုံးပြုထားတာသာဖြစ်​နေပါတယ်။ ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ဇွန်၊ ၁၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ နံပါတ်၊ ၂၄ မှာ ဖတ်ရှုနိုင်ပါတယ်။ စစ်​ကောင်စီဘက်က လမ်းလုပ်သား​တွေ သတ်ဖြတ်ခံရ​ကြောင်း သတင်းထုတ်ထား​ခဲ့​ပေမဲ့ KNDO အဖွဲ့မှ လမ်းလုပ်သားများ မဟုတ်ပဲ အ​ယောင်​ဆောင်ထားတဲ့ စစ်​ကောင်စီ​ထောက်လှမ်း​ရေး ​တွေသာ ဖြစ်​ကြောင်းကို Irrawaddy Burmese ရဲ့ သတင်းတင်ဆက်မှုမှာ ​ကြည့်ရှု့နိုင်ပါတယ်။ သတင်းကြည့်ရှု့ရန် – https://www.facebook.com/theirrawaddyburmese/videos/941320246715757/

ဒီဗွီဒီယိုဖိုင်အဟောင်းကို ပြန်သုံးပြီး သတင်းတုဖြန့်ဝေထားတာဟာ ယခုအကြိမ်မှ မဟုတ်ပဲ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ၊ ၁၈ ရက်နေ့ကလည်း သတင်းတု တပုဒ်ပြန့်နှံခဲ့ဖူးတာကို တွေးပြီးမှယုံကနေ ရှင်းလင်းထားခဲ့ဖူးပါတယ်။

သတင်းကြည့်ရှု့ရန် – https://bit.ly/3PW2PiS

အာဏာသိမ်းစစ်တပ်ဟာ သတင်းတုမှာ ပါခဲ့သလိုပါပဲ စစ်ကိုင်းတိုင်းထဲမှာ ရွာလုံးကျွတ်မီးရှို့တာတွေ၊ ရွာအတွင်းရှိ တွေ့ရာပစ္စည်းတွေ လုယက်တာတွေ၊ သတ်ဖြတ်တာတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတာတွေ အများအပြားကို အောက်က မီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေမှာ တွေ့မြင်နိုင်ပါတယ်။ ဒါပေမဲ့ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ လတ်တလော အကြမ်းဖက်လုပ်ရပ်များ – https://www.facebook.com/BBCnewsBurmese/videos/355408696785124/?__tn__=%2COhttps://www.facebook.com/BBCnewsBurmese/videos/786117152390215/?__tn__=%2CO

ယခု သတင်းတုပါ ဗွီဒီယိုဖိုင်ကတော့ စစ်ကိုင်းတိုင်းထဲက ဗွီဒီယိုဖိုင် တခု မဟုတ်ခဲ့ပါဘူး။ အမှန်တကယ် အကြမ်းဖက်ခံနေရတဲ့ စစ်ကိုင်းတိုင်းထဲကဖြစ်စဉ်တွေကို အခုလို ဗွီဒီယိုဖိုင်အလွဲတွေနဲ့ ဖြန့်ဝေနေမှုတွေဟာ သတင်းမှန်ရဲ့ အရည်အသွေးကို ကျဆင်းစေသလို အချက်အလက်စုဆောင်း မှတ်တမ်းပြုစုသူတွေအတွက်လည်း မှားယွင်းတဲ့ အချက်အလက်တွေစုဆောင်းမိလျက်သားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အခုလို သတင်းဗွီဒီယိုဖိုင်တွေကို လွယ်လင့်တကယ် မယုံကြည်ကြဘဲ လွတ်လပ်တဲ့ တရားဝင်မီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေကိုသာ စောင့်ကြည့်ဖတ်ရှု့ယုံကြည်ကြဖို့ တိုက်တွန်းပါတယ်။ သတင်းတွေ ဖတ်ရှု့ရင်း အခက်အခဲရှိခဲ့ရင်လည်း တွေးပြီးမှယုံရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

#factcheck

#thinkbeforeyoutrust

%d bloggers like this: