သူငယ်ချင်းတို့ရေ…..
ဒီတစ်ခါမှာတော့ ပဲခူးတိုင်းဝန်ကြီးချုပ်က သိန်း၂၀ပေးပြီး ကျေးရွာတွေကို သွားကာ မဲဆွယ်နေတယ်ဆိုတဲ့ သတင်းတု တစ်ပုဒ်အကြောင်းကို တွေးပြီးမှယုံက ဖော်ထုတ်လိုက်ပါတယ်။ ဒီသတင်းတုကိုလည်း အမြဲသတင်းတုတွေတင်နေကျ VOM ဆိုတဲ့ Facebook Page ကနေတင်နေတာဖြစ်ပြီးLike ပြုလုပ်သူ ၅၀၀ ကျော် ၊ Comment ၄၀၀နီးပါးနဲ့ Share ၈၀၀ကျော်အထိရှိလာပြီဖြစ်လို့ ဂျင်းသတင်းတွေရဲ့ လှည့်စားမှုထဲမျောပါမသွားအောင် တွေးပြီးမှယုံက ဖော်ထုတ်ပေးလိုက်ရပါတယ်။
ဒါ့အပြင် အမြဲဒီလို သတင်းတုတွေရေး၊ ပုံဖျက်ရေးသားမှုတွေလုပ်နေတဲ့ ဒီ VOM ဆိုတဲ့ Page ကို လုံးဝမယုံကြည်မိဖို့ တွေးပြီးမှယုံက အနီရောင်အဆင့်သတ်မှတ်ပြီး(Red Alert)အရေးတကြီးသတိပေးလိုက်ပါရစေ။
(၁)ပဲခူးတိုင်းဝန်ကြီးချုပ်က ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရွှေလောင်းကျေးရွာမှာ ကျပ်သိန်း၂၀ပေးပြီး မဲဆွယ်
စည်းရုံးရေးလုပ်ငန်းတွေလိုက်လုပ်နေတယ်လို့သတင်းတုက ဖော်ပြထားပါတယ်။ ဒါ့အပြင် ကျန်တဲ့ရွာတွေကို
လည်း အလှူငွေ ကျပ် သိန်း၂၀၊ ၃၀ ပေးပြီး မဲဆွယ်နေတယ်လို့ဆိုပါတယ်။ တွေးပြီးမှယုံက ဒီသတင်းတုကို
မသင်္ကာလို့စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာတော့ ပဲခူးတိုင်းအတွင်းမှာ ဒီရက်သတ္တပတ်အတွင်း မဲဆွယ်စည်း ရုံးရေးလုပ်ငန်းစဉ်တွေမရှိတာကို ပဲခူးတိုင်း NLD ပါတီပြန်ကြားရေးကနေ သိရပါတယ်။
(၂) ဒီသတင်းတုကို အောက်တိုဘာ ၁၀ရက်နေ့ ည၉နာရီဝန်းကျင်မှာ တင်ထားတာဖြစ်ပါတယ်။
သတင်းတုမှာ ပဲခူးတိုင်းဝန်ကြီးချုပ်ဟာ အောက်တိုဘာ ၁၀ရက်နေ့မှာ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွေက
ကျေးရွာတွေကို သွားပြီး မဲဆွယ်စည်းရုံးသလို ဖော်ပြထားပါတယ်။ တွေးပြီးမှယုံက အချက်အလက်တိုက်ဆိုင်
စစ်ဆေးတဲ့အခါ ပဲခူးတိုင်းဝန်ကြီးချုပ်ဟာ အောက်တိုဘာ၁၀ရက်နေ့ နံနက်ပိုင်းကနေ နေ့လည်ပိုင်းအထိ
ပဲခူးတိုင်းအတွင်း အသေးစား၊ အလတ်စားနဲ့အငယ်စား ဒေသထွက်ကုန်ပြပွဲ၊ ပြိုင်ပွဲ အစမ်းလေ့ကျင့်ပွဲကို
တက်နေတာကိုတွေ့ရပါတယ်။
တွေးပြီးမှယုံက အောက်တိုဘာ ၉ရက်နေ့တုန်းကလည်း ဒီလိုသတင်းတုတွေကိုစစ်ဆေးပေးဖို့ နည်းလမ်းငါးသွယ်အကြောင်းတင်ပြပေးထားပါတယ်။
သူငယ်ချင်းတို့အနေနဲ့ ဒီလိုသတင်းတုတွေကို အလွယ်တကူမယုံလိုက်ဘဲ နည်းလမ်းငါးသွယ်နဲ့တိုက်ဆိုင်စစ်ဆေးကြဖို့လိုပါတယ်။ တိုက်ဆိုင်စစ်ဆေးရာမှာ အချိန်အခက်အခဲရှိနေရင်လည်း တွေးပြီးမှယုံကို ပေးပို့စစ်ဆေးလို့ရပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့မှုအရမ်းများ နေတဲ့ဒီလို သတင်းတုတွေကိုတော့ အလွယ်တကူမယုံလိုက်ကြဖို့၊ share မလုပ်ကြဖို့တော့ တွေးပြီးမှယုံက အကြံပေးလိုက်ပါရစေ။