သူငယ်ချင်းတို့ရေ…
သတင်းမှားတွေလာပြန်ပြီနော်။ ဒီတစ်ခါမှာလည်း ဘင်္ဂလီတွေကို ဗလီထဲမှာတွေ့တယ်ဆိုတဲ့သတင်းတုတစ်ခုကို ဖန်တီးထားတာကို တွေးပြီးမှယုံက တွေ့ရပါတယ်။ ဒီသတင်းဟာ မနေ့က တင်တဲ့ သတင်းတုပါပဲ။ ဒါပေမယ့် မနေ့က တင်တဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ နာမည်ကိုဖျက်ထားပြီးနောက်ထပ်သတင်းတုတစ်ပုဒ်ကို ဖန်တီးထားတာဖြစ်ပြီး Share ၄၈၀၀ ကျော်အထိရှိအောင်ပျံ့နှံ့မှုအားလည်း ကောင်းနေတဲ့သတင်းဖြစ်တာကြောင့် တွေးပြီးမှယုံက ဖော်ထုတ်လိုက်ရတာပဲဖြစ်ပါတယ်။
မနေ့ကတင်တဲ့ သတင်းတုကိုတော့ ဖေ့ဘွတ်ခ်ကနေဖယ်ရှားလိုက်ပေမယ့် ဒီသတင်းတုကိုတော့ ဖေ့ဘွတ်ခ်ကနေမဖယ်ရှားသေးပါဘူး။ ဒီသတင်းတုမှာ ပါဝင်တဲ့ ဓာတ်ပုံဟာ သတင်းဌာနအချို့ကတင်ထားတဲ့ ဓာတ်ပုံဖြစ်ပြီး ဒီဓာတ်ပုံကို download လုပ်ကာ အဆက်မပြတ်သတင်းတုတွေကို စာသားပြောင်း၊ ခေါင်းစဉ်ပြောင်းလုပ်ပြီး ဖန်တီးနေကြတာဖြစ်ပါတယ်။ နောက်ပြီး သတင်းတုမှန်းသိသိနဲ့ Share တဲ့အရေအတွက်ကလည်း အရမ်းများနေတာဟာ သံသယဖြစ်စရာကောင်းပါတယ်။
သာမန် facebook user တွေကတော့ သတင်းတုမှန်းသိသိနဲ့ Share နေကြမယ်လို့မထင်ပါဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ ရိုဟင်ဂျာတွေကိုအသုံးချပြီး လူထုကိုနိုင်ငံရေးအရဝေဝါးအောင်ပြုလုပ်နေတဲ့ သတင်းတုတွေကိုလူမှုကွန်ရက်ပေါ်မှာအမြဲဖြန့်ဝေနေတဲ့အကြောင်း သိစေချင်လို့ တွေးပြီးမှယုံက တင်ပြပေးလိုက်တာဖြစ်ပါတယ်။