သူငယ်ချင်းတို့ရေ….
သတင်းစကားဆိုတာ အမျိုးမျိုးရှိပါတယ်။ ဒီလိုပဲ တချို့သတင်းတွေဟာ အကျိုးအကြောင်းညီညွတ်မှုမရှိ အကြောင်းအချက်မခိုင်မာမှုမရှိပဲ ဖန်တီးတတ်ကြပါတယ်။ ဒီလိုသတင်းအမှားတွေ သတင်းအတုတွေကိုပဲ တချို့ ဝက်ဆိုဒ်တွေ ပေ့ချ်တွေကနေ အလွယ်တကူ ပြန်လည်ကိုးကားဖော်ပြနေကြတာ သူငယ်ချင်းတို့လည်း သိရှိလောက်ပြီးဖြစ်မှာပါ။
အခုလည်း ပညာရေး အသုံးစရိတ်တိုးမပေးပါက တောခိုမည်ဟု ရတနာပုံကျောင်းသားသမဂ္ဂခေါင်ဆောင်များ ပြောကြားတယ်ဆိုတဲ့ သတင်းခေါင်းစဉ်ဟာ အွန်လိုင်းမီဒီယာပေါ်မှာ ပြန်နှံ့နေတာပါ။ ဒီသတင်းမှားနဲ့ ပတ်သက်ပြီး မိတ္တီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ-ဗကသများ အဖွဲ့ချုပ် Facebook သတင်းစာမျက်နှာပေ့ချ်ကနေ ပြန်လည်တုံ့ပြန်ပြောဆိုထားတာကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ ဒီသတင်းကိုတင်ခဲ့တဲ့ တချို့ဝက်ဆိုဒ်တွေ ဟာ ဖျက်ပစ်လိုက်တာကိုလည်း တွေ့ရှိရသလို ဒီသတင်းမှားနဲ့ ပတ်သက်ပြီး သတင်းစာမျက်နှာများနှင့် ဝက်ဆိုဒ်တွေကို ပြန်လည်တရားစွဲဆိုဖို့ ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။
သတင်းပါ ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ပညာရေးအသုံးစရိတ်တိုးမြှင့်ရေးအတွက် ကျောင်းတွင်းမှာ ဆန္ဒပြခဲ့တုန်းက သတင်းဓာတ်ပုံတွေကို ပြန်လည်အသုံးပြုပြီး သတင်းတုပြုလုပ်ထားတာပါ။
သူငယ်ချင်းတို့ရေ…. မိမိတို့ နေ့စဉ်အသုံးပြုနေတဲ့ အွန်လိုင်းမီဒီယာမှာပဲ အကြောင်းအရာမျိုးစုံနဲ့ သတင်းမှားတွေ ကူးလူးပြန်နှံ့နေတာ လွယ်ကူသလို ဒီလိုသတင်းတွေကိုပဲ ယုံကြည်မိပြီး လက်ဆင့်ကမ်းဖြန့်ဝေတာတွေဟာ များပြားပါတယ်။ သူငယ်ချင်းတို့အနေနဲ့လည်း သတင်းမှားတွေကို သေချာလေ့လာကြည့်ပြီး ဝေဖန်သုံးသပ်နိုင်ဖို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။